ကိုဗစ်မျိုးကွဲသစ်ရဲ့ နောက်ဆက်တွဲပြဿနာများ


Category

ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုရိုနာဗိုင်းရပ်စ်ပိုးကို ပျောက်ကင်းအောင် တိုက်ခိုက်ရတဲ့ ရောဂါခရီးလမ်းက မလွယ်ကူလှပါဘူး။ ကိုယ့်မှာရှိနေတဲ့ ရောဂါအခံတွေကြောင့် ပျောက်ကင်းဖို့ကြာနိုင်သလို လတ်တလောဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်မျိုးကွဲအသစ်ရဲ့လက္ခဏာတွေကလည်း ပြင်းထန်လှပါတယ်။ အဆုတ်ထိခိုက်မှုပမာဏ များတာကစလို့ နုံးပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်တာအဆုံး ရောဂါပျောက်ဖို့ကြာတာမို့ ကျန်းမာသန်စွမ်းတဲ့လူငယ်တွေတောင်မှ ရောဂါပျောက်ကင်းပြီးနောက်မှာ နာလန်ထဖို့ အတော်အားယူကြရပါတယ်။ လေ့လာမှုတွေအရ ပျောက်ကင်းဖို့ အချိန်ကြာတတ်တဲ့ ရောဂါလက္ခဏာ (၅) မျိုးအကြောင်းကို ပြောပေးသွားပါမယ်နော်။

၁။  မောခြင်း၊ အသက်ရှူရခက်ခဲခြင်း

ကိုဗစ်ရဲ့ရောဂါလက္ခဏာထဲမှာ မောတာ၊ အသက်ရှူကြပ်တာက အဓိကလာတတ်တဲ့ လက္ခဏာတစ်ခုပေါ့။ အတော်များများမှာလည်း ဒီလိုမောတာ၊ ကြပ်တာဟာ ပျောက်ဖို့ကြာသလို၊ ပြင်ပက အသက်ရှူ အထောက်အကူပစ္စည်းတစ်ခုခုအပေါ် အချိန်အတန်ကြာ မှီခိုရတာလည်း များပါတယ်။ အသက်အရွယ်နဲ့မဆိုင်ဘဲ အဆုတ်ကို ထိခိုက်မှုများတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ ဒီလိုအသက်ရှူခက်တဲ့ပြဿနာ ကြုံရသူတွေမှာ နောက်ပိုင်းမှာလည်း နာတာရှည်မောတာ၊ အဆုတ်လေအိတ်ကလေးတွေ ပျက်စီးတာမျိုးတွေ တွေ့ရတယ်လို့ဆိုပါတယ်။

ပုံမှန်အသက်ရှူနိုင်စွမ်းကို ပြန်လည်ရရှိဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းတွေ၊ အောက်စီဂျင်အထောက်အပံ့တွေ လိုအပ်နိုင်ပါတယ်။


၂။  နုံးခြင်း၊ မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း

ရုတ်တရက်ချည်း နုံးခွေပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်တာဟာ delta မျိုးကွဲရဲ့ အစောဆုံးလက္ခဏာရပ်တစ်   ပါပဲ။ ဒီလက္ခဏာဟာ ပျောက်ဖို့အတော်အချိန်ယူရတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေပါတယ်။  တချို့တွေမှာ ရက်သတ္တပတ်နဲ့ချီ၊ တချို့တွေမှာ လနဲ့ချီပြီးတောင် ဒီအရှိန်က ကျန်နေတတ်ကြပါတယ်။  ကိုယ်ခန္ဓာက ဗိုင်းရပ်စ်ကိုတိုက်ဖို့ အင်တီဘော်ဒီထုတ်ရရုံတင်မကဘဲ ကိုယ်ခံအားစနစ်က ရောင်ရမ်းစေတဲ့ဓာတ်တွေ ထုတ်ပေးတာကြောင့် ကိုယ်ခန္ဓာကြီးက နုံးပြီးပင်ပန်းသွားတာပါ။ သာမန်ဗိုင်းရပ်စ်ပိုးဝင်ခြင်းကလည်း နုံးတတ်တယ်ဆိုပေမယ့် ကိုဗစ်ကြောင့် နုံးတာကတော့ အချိန်အတန်ကြာ အနားယူပြီး ပင်ပင်ပန်းပန်းတွေမလုပ်ဖို့ လိုပါတယ်နော်။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားပေးတာ၊ ရေဓာတ်ပြည့်ဝအောင် သောက်ပေးတာအပြင် ပုံမှန်နေ့စဉ်ဘဝကိုရောက်အောင်  တဖြည်းဖြည်းချင်း အချိန်ယူ လေ့ကျင့်ရပါမယ်။ နုံးနေတာကို ပျောက်ဖို့အတွက် တစ်ခုတည်းသောနည်းကတော့ အချိန်ယူပြီး အားပြန်မွေးဖို့ပါပဲ။

၃။  အသံပြောင်းခြင်း၊ လည်ပင်းရောင်ရမ်းခြင်း

ကိုဗစ်ကြောင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်တဲ့သူတွေမှာ ကောင်းသွားတဲ့အခါ ကိုဗစ်အသံလို့ခေါ်တဲ့ အသံပြောင်းပြီး ကျန်ရစ်တတ်ပါတယ်။ ဒီလိုအသံပြောင်းတာ၊ ချောင်းဆိုးကျန်နေတာ၊ အရောင်မကျတာ၊ အသံဩရှရှဖြစ်နေတာတွေဟာ ပြင်းပြင်းထန်ထန် ရောင်ရမ်းမှုတွေကြောင့်ဖြစ်ပြီးတော့ ပျောက်ဖို့ ကြာတတ်ပါတယ်။

ယာယီသဘောမျှသာဖြစ်ပြီးတော့ ရိုးရိုးတုပ်ကွေးကြောင့် အသံပြောင်းကျန်ခဲ့သလိုပဲ ကျန်ခဲ့တာဖြစ်ပါတယ်။ မတူတာက ပိုကြာပြီးပိုဆိုးတာပါပဲ။  တချို့လေ့လာမှုတွေအရတော့ နဂိုကိုဗစ်မျိုးရင်းလက္ခဏာဖြစ်တဲ့ အနံ့ပျောက်တာ၊ အရသာပျောက်တာတွေကလည်း ဒီမျိုးကွဲမှာ ပြန်ရဖို့ အချိန်ပိုကြာတာမျိုး တွေ့ရပါတယ်။

၄။  အဆုတ်အမျှင်ခဲခြင်းနဲ့ အဆုတ်ထိခိုက်မှုများခြင်း

ကိုဗစ်ဖြစ်ပြီးနောက် အဆုတ်အမျှင်ခဲ ကျန်ခဲ့တာဟာလည်း ကိုဗစ်မျိုးကွဲရဲ့ဆိုးတဲ့နောက်ဆက်တွဲတစ်ခုပါပဲ။ ကိုဗစ်မျိုးကွဲသစ်ဟာ အဆုတ်ကို ထိခိုက်မှုပိုများပြီး နောက်ဆက်တွဲတွေလည်း ကျန်နေစေခဲ့တတ်ပါတယ်။ ကိုဗစ်ရောဂါ အပြင်းအပျော့နဲ့ နောက်ဆက်တွဲတွေပေါ် မူတည်ပြီးတော့ အဆုတ်ပြန်နာလန်ထူဖို့ အချိန်ယူရနိုင်ပါတယ်။ အဆုတ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခံရသူတွေမှာ လက္ခဏာတွေအတွက် ဆေးအပြင်းတွေ၊ ဖိဖိစီးစီးဂရုစိုက်မှုတွေ လိုအပ်ပါတယ်။

၅။  ကိုယ်လက်ကိုက်ခဲခြင်း

ကိုဗစ်ကြောင့် ကိုယ်လက်ကိုက်ခဲခြင်းဟာ အတော်ကို ဆိုးဆိုးရွားရွားခံရနိုင်ပြီး ပျောက်ဖို့လည်း ကြာတတ်ပါတယ်။ ကိုယ်ခံအားကနေ ထွက်လာတဲ့ ရောင်ရမ်းဓာတ်တွေကြောင့်  ကိုယ်လက်တွေ ကိုက်ခဲတာတွေဟာ ရောဂါပျောက်ကင်းသွားတာတောင် ကျန်နေတတ်ပါတယ်။ အတွေ့ရဆုံးလက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ကောင်းကောင်းအနားယူပါ။ ဆေးတွေ သေချာသောက်ပါ။



>>  ဒီလိုခံစားနေရတာတွေအတွက် ဘာလုပ်ရမလဲ?

ဒီလို ကိုဗစ်ဖြစ်ပြီး ကျန်နေခဲ့တဲ့ရောဂါလက္ခဏာတွေဟာ ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် သေချာဂရုတစိုက်နဲ့ ကုသဖို့ လိုအပ်ပါတယ်။ ကိုဗစ်ရောဂါလက္ခဏာတွေ ဆိုးလေလေ နောက်ဆက်တွဲလက္ခဏာတွေ ပိုကျန်လေလေပါပဲ။

အရေးကြီးတာက ဒီလိုနောက်ဆက်တွဲတွေ မကျန်ရအောင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုတွေခံယူဖို့နဲ့ နောက်ထပ်ကူးစက်မှုမရှိအောင် ကာကွယ်ဖို့ပါပဲ။ ဆရာဝန်က ရောဂါအပြင်းအပျော့ပေါ် မူတည်ကုသပြီးတော့ ဘယ်လိုသတိထားရမယ်၊ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာတွေကို မှာကြားပါလိမ့်မယ်။

ကာကွယ်ဆေးထိုးခြင်းကလည်း ဒီလိုနောက်ဆက်တွဲတွေ မကျန်ခဲ့ရလေအောင် အနည်းနဲ့အများ ကာကွယ်ပေးနိုင်ပါတယ်။

Credit >>>>> https://www.drmyanmar.com/


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player