အစာအိမ်နံရံ ရုတ်တရက်ရောင်ရမ်းခြင်းကို အစာအိမ်ရောင်ခြင်းလို့ ခေါ်ဆိုပါတယ်။ အစာအိမ်ရောင်ခြင်းကြောင့် ပြင်းထန်စွာ ဗိုက်နာတတ်ပါတယ်။ အခုဆောင်းပါးလေးမှာတော့ အစာအိမ်ရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆေးဝါးများ
အကိုက်အခဲပျောက်ဆေးများနှင့် စတီးရွိုက်ဆေးများ ကြာရှည်စွာ သောက်သုံးခြင်းကြောင့် အစာအိမ်နံရံကို ရောင်ရမ်းစေနိုင်ပါတယ်။
(၂) ပိုးဝင်ခြင်းများ
H. pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် အစာအိမ်ရောင်ခြင်း ဖြစ်ပေါ်စေပါတယ်။
(၃) အရက်သောက်ခြင်း
ရေရှည်အရက်သောက်ခြင်းကြောင့် ကိုယ်တွင်းကလီစာများကို ထိခိုက်ပျက်စီးစေသလို အစာအိမ်ရောင်ခြင်းကိုလည်း ဖြစ်စေပါတယ်။
(၄) အလွန်စိတ်ဖိစီးခြင်း
နာတာရှည်စိတ်ဖိစီးခြင်းနှင့် အလုပ်ခွင်မှရသော စိတ်ဖိစီးခြင်းတွေကြောင့်လည်း အစာအိမ်ရောင်စေပါတယ်။
(၅) Autoimmune ရောဂါများ
မိမိကိုယ်ခံအားစနစ်ကို ပြန်လည်တိုက်ခံသော autoimmune ရောဂါရှိသူများအနေနှင့် ကိုယ့်အစာအိမ်နံရံကို ပြန်လည်တိုက်ခိုက်ခြင်းကြောင့်လည်း အစာအိမ်ရောင်ခြင်း ဖြစ်စေပါတယ်။
(၆) အစာခြေစနစ်ရောဂါများ
အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ရှိသူများအနေနှင့်လည်း အစာအိမ်ရောင်ခြင်းဖြစ်ပေါ်ဖို့ အလားအလာ ပိုများပါတယ်။
(၇) အစာအဆိပ်သင့်ခြင်း
အစာအဆိပ်သင့်ခြင်း ကြုံတွေ့ဖူးသူများအနေနှင့် အစာအိမ်နံရံထိခိုက်ခြင်း ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အစာအိမ်ရောင်ခြင်းနှင့် မကြာခဏ ရင်ဆိုင်ရနိုင်ပါတယ်။
အစာအိမ်ရောင်ခြင်းကို ခံစားနေရသူများအနေနှင့် အထက်ပါအကြောင်းရင်းများကို ပြန်လည်ဆန်းစစ်ပြီး ဆရာဝန်နှင့်ပြသကာ စနစ်တကျကုသမှုကို ခံယူသင့်ပါတယ်။
Credit: https://www.drmyanmar.com/


