ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။

ကိုဗစ်က ကူးမှာဖြင့်လည်း မြန်မြန်ကူး၊ မြန်မြန်ကူး မြန်မြန်ခုခံအားရလို့ လွယ်လွယ်ပြောကြပေမယ့် ကိုဗစ်က ဒီလို အထင်သေးစရာကောင်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ခုနောက်ပိုင်း ကူးစက်ခံရတဲ့ လူတွေများလာတဲ့အတွက် ကူးခံရသူတွေက ဆေးရုံက ဆင်းသွားပြီးရင် အရင်လို မဟုတ်တော့ဘူး။ အမောမခံနိုင်တော့ဘူး။ ဆေးရုံက ဆင်းလာတာကြာပေမယ့် အားမရှိသလိုပဲဆိုပြီး ပြောကြလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ ကိုဗစ်ကူးပြီးရင်တောင် မပြီးနိုင်သေးဘူးလား။


ကိုဗစ် ကူးခံရပြီးနောက်

ကိုဗစ်ဖြစ်ရင် လူ ၁၀၀မှာ ၈၀လောက်က ရောဂါမပြင်းထန်ဘဲ သက်သာသွားကြပါတယ်။ ကျန်တဲ့ ၁၀ကနေ ၁၅ ရာခိုင်နှုန်းလောက်က ပြင်းထန်တဲ့ အဆင့်ကို ရောက်ပြီး ကျန်တဲ့ ၅ရာခိုင်နှုန်းက တော်တော်ဆိုးတဲ့ အဆင့်ကို ခံစားရပါတယ်။ အများစုက ကူးစက်ခံရပြီး ၂ပတ်ကနေ ၆ပတ်လောက်ဆို ပုံမှန်အတိုင်း ဖြစ်သွားကြပါတယ်။


ဒါပေမယ့် လူတချို့မှာတော့ လပိုင်းလောက်ထိ နောက်ဆက်တွဲလက္ခဏာတွေ ခံစားရပါတယ်။ ဒါက ရောဂါပြင်းတာ၊ ပျော့တာနဲ့ မဆိုင်ပါဘူး။ သူများကို ပိုးမကူးနိုင်တော့ပေမယ့် သူတို့ကိုယ်တိုင်ကတော့ လက္ခဏာတွေ မသက်သာသေးပါဘူး။


WHOမှာ ဖော်ပြထားချက်အရ ဒီလိုခံစားရတာက ဘာရောဂါအခံမှမရှိတဲ့ လူလတ်ပိုင်းတွေနဲ့ ကလေးတွေလည်း ပါတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ဒီလိုကူးစက်ခံရပြီး အရင်လို ပြန်မဖြစ်တဲ့ လူတွေအများကြီး ရှိပါတယ်တဲ့။ အရင်ကလောက် သက်လုံမကောင်းဘဲ တရှောင်ရှောင် ဖြစ်နေတာပေါ့။


တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး စာရင်းကောက်ခံကြည့်တဲ့အခါ ရောဂါဖြစ်တဲ့သူတွေရဲ့ ၃၅ရာခိုင်နှုန်းက ပိုးတွေ့ပြီး ၂ပတ် ၃ပတ်လောက်ကြာတဲ့အထိတိုင်အောင် ပုံမှန်ကျန်းမာရေးအခြေအနေ မဖြစ်တာကို တွေ့ရပါတယ်။ ဒီထဲမှာ ကျန်းမာရေးကောင်းတဲ့ ၁၈နှစ်ကနေ ၃၄နှစ်ကြား လူတွေပါ ပါဝင်ခဲ့ပြီး သူတို့တွေမှာ ၂၀ ရာခိုင်နှုန်း (၅ယောက် ၁ယောက်နှုန်း)က တချို့လက္ခဏာတွေကို ခပ်ကြာကြာခံစားရပါတယ်။


နဂိုတည်းက ရောဂါအခံရှိတဲ့သူတွေ ဥပမာ သွေးတိုး၊ အဝလွန်၊ စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေက ပိုပြီး ခံစားရတာကို တွေ့ရပါတယ်။


ကိုဗစ်ပြီးရင် ဘာတွေ ဆက်ခံစားရဦးမှာလဲ။

ကိုဗစ်ဖြစ်ပြီးလည်း မပြီးနိုင်တဲ့ သူတွေကတော့ သူတို့ကို သူတို့ ‘covid hauler’လို့ ခေါ်ကြပြီး ဒီအခြေအနေကိုတော့ ‘post COVID-19 syndrome or long COVID-19’ လို့ ခေါ်ကြပါတယ်။


အဖြစ်အများဆုံး လက္ခဏာတွေကတော့


နုံးတာ

မောတာ

ချောင်းဆိုးတာ

အဆစ်တွေနာတာ

ရင်ဘတ်အောင့်တာတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူနာတွေက ဆေးရုံက ဆင်းသွားပြီးရင်တောင် အရင်လို မဟုတ်ဘူး။ နည်းနည်းလှုပ်တာနဲ့ မောနေတယ်တို့၊ ချောင်းတွေက ဆိုးတုန်းပဲလို့ ပြောကြတာပါ။


တခြား နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့


အာရုံစူးစိုက် မရတာ၊ တစ်ခုခုဆို မေ့နေတာ (brain fogလို့ ခေါ်ကြပါတယ်။)

စိတ်ဓာတ်ကျတာ

ကြွက်သားတွေနာတာ

ခေါင်းကိုက်တာ

ရင်တုန်တာ

ပြန်ဖျားတာ စတာတွေလည်း ဖြစ်တာတွေ့ရပါတယ်။

ပြန်ပြန်ဖျားတာကြောင့် တချို့ဆို ကိုဗစ်ပြန်ဖြစ်တာလားလို့တောင် တွေးမိတတ်ကြပါတယ်။


တခြား နာတာရှည် ဆိုးကျိုးတွေက ဖြစ်ခဲတယ်ဆိုပေမယ့် တွေ့တွေ့နေရပါတယ်။ ဒီဆိုးကျိုးတွေက ပြင်းထန်ပြီး တစ်ကိုယ်လုံးက ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပါတယ်။ ဒါတွေကတော့


နှလုံးမှာ နှလုံးကြွက်သားရောင်ရမ်းတာ

အဆုတ်မှာ အဆုတ်ရဲ့ လုပ်ငန်းတွေ ပုံမှန်မလုပ်နိုင်တော့တာ

ကျောက်ကပ်ပျက်တာ

အရေပြားမှာ အနီကွက်တွေ ထွက်လာတာ၊ ဆံပင်တွေ ကျွတ်တာ

အနံ့အရသာ ပျောက်တာ

အိပ်မပျော်တာ

စိတ်အတက်အကျဖြစ်တာ

စိတ်ရှုပ်ထွေးတာ စတာတွေ ဖြစ်တတ်ပါတယ်။

ကိုဗစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘယ်လောက်ကြာကြာဖြစ်မှာလဲ၊ ဘယ်လောက်အထိ ဆိုးသွားနိုင်လဲ၊ ပြန်ကောင်းနိုင်ပါ့မလားဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


ကိုဗစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်

လတ်တလောမှာ ကိုဗစ်မဖြစ်အောင် နေတာက စိတ်အချရဆုံးပါပဲ။ ပြန်သက်သာလာတာ မှန်ပေမယ့် နောက်ဆက်တွဲတွေက တမြေ့မြေ့နဲ့ ခံစားနေရတာ ဆိုတော့ အစကတည်းက ရောဂါမကူးစက်အောင် လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေတာက အကောင်းဆုံးပါပဲ။


ကိုဗစ်ဖြစ်ပြီးသွားလည်း မပြီးသေးဘူး။ ဒါမျိုးတွေ ဆက်ခံစားရနိုင်တယ်ဆိုတာ သိထားရပါမယ်။ ကိုဗစ်ဖြစ်ပြီးသွားလို့ ဆေးရုံကဆင်း အိမ်ပြန်သွားလို့ ဒီလိုတွေ ခံစားရတယ်၊ သာမန်အပရိက ချောင်းဆိုးတာ၊ နုံးတာလောက်မဟုတ်ဘဲ မောတာ၊ ရင်တုန်တာတွေ ဖြစ်လာတယ်ဆိုရင် ဆေးရုံပြန်လာပြဖို့ အကြံပြုချင်ပါတယ်။


ကိုဗစ်က ကြောက်ဖို့ ကောင်းပါတယ်။ ဒီနောက်ဆက်တွဲတွေ ဘယ်လောက်ပြင်းထန်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။


COVID-19 Outbreak updates

Country: Myanmar

Data 99,155

Confirmed 77,636

Recovered 2,110

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Credit: https://hellosayarwon.com/


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player