ကိုဗစ် ကာလ ပြည်တွင်းလေကြောင်းလိုင်း စီးနင်းလိုက်ပါမယ့် ခရီးသည်များ ဘာတွေ ပြင်ဆင်သတိထားသင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ် ကာလ ပြည်တွင်းလေကြောင်းလိုင်း စီးနင်းလိုက်ပါမယ့် ခရီးသည်များ ဘာတွေ ပြင်ဆင်သတိထားသင့်သလဲ။

ကိုဗစ် ကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အချိန်အတော်ကြာရပ်နားခဲ့ရာက စီးပွားရေးတွေ ပြန်ပြီး ခေါင်းထောင်လာနိုင်ဖို့ လာမယ့် ဒီဇင်ဘာ ၁၆ရက်နေ့ကစပြီး ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်လည် ပျံသန်းခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်ကြာ ရပ်နားခဲ့ရာက ပြန်လည်ဖွင့်ပေးတဲ့အတွက် စီးပွားရေးအရရော၊ သာရေး နာရေး လူမှုရေး ကိစ္စတွေအတွက်ပါ သွားလို့ လာလို့ ပိုအဆင်ပြေလာမှာကတော့ အမှန်ပါပဲ။


ဒါပေမယ့် ကိုဗစ်ကလည်း ပြီးသေးတာမဟုတ်တော့ တစ်နေရာမဟုတ် တစ်နေရာကနေ ကူးလာနိုင်ခြေရှိတယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အစိုးရက ၁၄ရက်နေ့က လေကြောင်းလိုင်းနဲ့ ခရီးသွားမယ့်သူတွေ လိုက်နာရမယ့် ကျန်းမာရေး စံသတ်မှတ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။


ပြည်တွင်းလေကြောင်းလိုင်းနဲ့ ခရီးသွားမယ်ဆိုရင် ခရီးသည်များအနေနဲ့ ဘာတွေကြိုပြင်ဆင်ထားရမလဲ။

အရင်ဆုံး လက်မှတ်ဝယ်တဲ့ ကိစ္စ။ လက်မှတ်ကတော့ agentတွေကနေပဲ ဖြစ်ဖြစ်၊ အွန်လိုင်းကနေပဲ ဖြစ်ဖြစ် ဝယ်လို့ရပါတယ်။ ဒီလို ဝယ်ယူဖို့အတွက် ဘာထောက်ခံစာမှ မလိုပါဘူး။

ခရီးမသွားခင်မှာ Rapid antigen test kitလို့ ခေါ်တဲ့ အမြန်စစ်နိုင်တဲ့ test kitနဲ့ စစ်ဆေးရပါမယ်။ ဒီစစ်ဆေးမှုကိုတော့ သက်ဆိုင်ရာ အစိုးရ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျန်းမာရေး ဌာနက ခွင့်ပြုထားတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ ကိုယ့်စရိတ်နဲ့ကိုယ် စစ်ဆေးနိုင်ပါတယ်။ ဒီလို စစ်ဆေးနိုင်ဖို့ အစိုးရဆေးရုံဆိုရင် လေယာဉ်လက်မှတ်ပြနိုင်ပြီး ပုဂ္ဂလိက ဆေးရုံဆိုရင်တော့ လေယာဉ်လက်မှတ်ဖြစ်ဖြစ်၊ ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားတဲ့ အတည်ပြုချက်ဖြစ်ဖြစ် ပြလို့ရပါတယ်။

ကိုဗစ် သံသယ လက္ခဏာတွေ ဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ ရုတ်တရက် အနံ့ပျောက်တာ စတဲ့ လက္ခဏာတွေ မရှိမှ ခရီးသွားဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်။

လမ်းခရီးတစ်လျှောက် လိုက်နာရမယ့် စည်းကမ်းများ

လေယာဉ်ပေါ်မတက်ခင်မှာ နာမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ check-in ဝင်မယ့်အချိန်၊ ဟိုဘက် လေဆိပ်ကို ရောက်မယ့်အချိန်၊ ဟိုဘက်မြို့မှာ တည်းမယ့် လိပ်စာအပြည့်အစုံ စတာတွေကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ဖြည့်ရပါမယ်။

လေယာဉ်ပေါ်နဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ နှာခေါင်းစည်း၊ မျက်နှာအကာတို့ကို သေချာ ဝတ်ထားရပါမယ်။

သတ်မှတ်ထားတဲ့ ခုံမှာပဲ ထိုင်ရပါမယ်။

လေယာဉ်ပေါ်မှာ ရုတ်တရက် နေမကောင်း ဖြစ်လာပြီဆိုရင် လေယာဉ်မောင်မယ်တွေကို အကြောင်းကြားရပါမယ်။

သက်ဆိုင်ရာမြို့ ကျန်းမာရေး ဌာနရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ၊ လိုအပ်လို့ အသွားအလာကန့်သတ်တာတွေ လုပ်လာခဲ့ရင် လိုက်နာရပါမယ်။

ဆေးဘယ်လိုစစ်မှာလဲ။ ကွာရန်တင်း ဘယ်လိုဝင်ရမှာလဲ။

ဘယ်ဒေသကပဲ ဖြစ်ဖြစ် လေယာဉ်စီးမယ်ဆိုရင် လေယာဉ်မစီးခင် ၃၆နာရီအတွင်း Rapid antigen test kitနဲ့ စစ်ဆေးထားတဲ့ ကိုဗစ်ရောဂါပိုး မရှိကြောင်း ဓာတ်ခွဲအဖြေကို check-in ဝင်တဲ့အချိန်မှာ ပြနိုင်ရပါမယ်။ check-in ဝင်တဲ့အချိန်မှာ ၃၆နာရီကျော်သွားခဲ့ရင် လက်ခံမှာ မဟုတ်ပါဘူး။

Stay at home ဒေသကနေ Non-stay at home ဒေသကို သွားမယ်ဆိုရင် ဟိုကျရင် facility ကွာရန်တင်း ဒါမှမဟုတ် hotel ကွာရန်တင်း ဝင်ရပါမယ်။ facility ကွာရန်တင်း မရှိလို့ hotel ကွာရန်တင်း ဝင်ရရင် ကိုယ့်စရိတ်နဲ့ကိုယ် ရှင်းရမှာပါ။

ကွာရန်တင်း ဝင်ပြီး ၃ရက်မြောက်နေ့မှာ RT-PCRလို့ ခေါ်တဲ့ စက်ကြီးနဲ့ စစ်ပါမယ်။ ပိုးမရှိရင် ကွာရန်တင်းက တန်းထွက်နိုင်ပါတယ်။ RT-PCR မရှိလို့ test kitနဲ့ စစ်ရမယ်ဆိုရင် ကွာရန်တင်း ဝင်ပြီး ၇ရက်မြောက်နေ့မှ စစ်ပါမယ်။ ပိုးမရှိရင် ကွာရန်တင်းက ထွက်နိုင်ပါတယ်။ ဘာနဲ့ပဲ စစ်စစ် ကိုယ့်စရိတ်နဲ့ကိုယ် စစ်ရမှာပါ။

Stay at home ဒေသကနေ တခြား Stay at home ဒေသကို သွားမယ်ဆိုရင်လည်း လေယာဉ်မစီးခင် ၃၆နာရီအတွင်း Rapid antigen test kitနဲ့ စစ်ဆေးထားတဲ့ ကိုဗစ်ရောဂါပိုး မရှိကြောင်း ဓာတ်ခွဲအဖြေကို check-in ဝင်တဲ့အချိန်မှာ ပြနိုင်ရပါမယ်။ ၃၆နာရီအတွင်း စစ်ထားတာ ဖြစ်လို့ ဟိုရောက်ရင် ကွာရန်တင်း ဝင်စရာ မလိုပါဘူး။

Non-stay at home ဒေသကနေ ဘယ်ကိုပဲ သွားသွား ၃၆ နာရီအတွင်း ဆေးစစ်ထားပြီး ပိုးမရှိအဖြေထွက်တယ်ဆိုရင် ကွာရန်တင်း ဝင်စရာ မလိုပါဘူး။

သက်ဆိုင်ရာမြို့ ကျန်းမာရေး ဌာနရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ၊ လိုအပ်လို့ အသွားအလာကန့်သတ်တာတွေ လုပ်လာခဲ့ရင် လိုက်နာရပါမယ်။

( Test kit နဲ့ဆို ၁၀၀၀၀ ဝန်းကျင်၊ RT-PCRနဲ့ဆို ၃၅၀၀၀ ဝန်းကျင် ကျသင့်နိုင်တယ်လို့ ဆိုပါတယ်။ စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါတယ်။)


လူနာလွှဲတယ်ဆိုရင်

လေယာဉ်နဲ့သွားတိုင်း ခရီးထွက်တာတော့ မဟုတ်ပါဘူး။ ဆေးရုံအချင်းချင်း လူနာလွှဲတာမျိုးလည်း ရှိပါတယ်။ ဒီလိုမျိုး အစိုးရဆေးရုံအချင်းချင်း အတွင်းလူနာအနေနဲ့ လွှဲလိုက်တယ်ဆိုရင်တော့ check-in ဝင်တဲ့အချိန်မှာ သက်ဆိုင်ရာ လေကြောင်းတာဝန်ခံကို ဆေးရုံအုပ်ကြီး လက်မှတ်ထိုးထားတဲ့ လွှဲစာ ပြပေးရမှာပါ။


Credit: https://hellosayarwon.com/


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player