ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
မကြာသေးမီက UK နိုင်ငံရှိ Cardiff University တွင် လေ့လာချက်တစ်ခုမှာ ခံတွင်းသန့်ဆေးရည်တွေဟာ တံတွေးအတွင်းရှိ ကိုဗစ်ဗိုင်းရပ်စ်ကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီလိုတွေ့ရှိခဲ့ပေမယ့်လို့ စမ်းသပ်ချက်များစွာ ထပ်မံပြုလုပ်ရန် လိုအပ်နေသေးတဲ့အပြင် ကိုဗစ်ဗိုင်းရပ်ကို ကုသဖို့အတွက် ခံတွင်းသန့်ဆေးရည်တွေကို အသုံးပြုနိုင်မယ်လို့တော့ သတ်မှတ်လို့မရသေးပါဘူး။
● UK နိုင်ငံမှ သိပ္ပံပညာရှင်တွေကတော့ ခံတွင်းသန့်ဆေးရည်တွေဟာ ကိုဗစ်ဗိုင်းရပ်စ်ကို စက္ကန့် ၃၀ အတွင်းမှာ သေစေနိုင်တာကို ဓာတ်ခွဲခန်းအဖြေများအရ တွေ့ရှိခဲ့ကြတာပါ။ Cardiff တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက အီသနော၊ CPC နှင့် Providone-Iodine တု့ိ အသီးသီးပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်အချို့ဟာ ကိုဗစ်ဗိုင်းရပ်စ်ကို သုတ်သင်နိုင်တဲ့အစွမ်း ဘယ်လောက်ရှိသလဲဆိုတာကို လေ့လာခဲ့ကြရာတွင် ထိုသုံးမျိုးလုံးဟာ ဗိုင်းရပ်စ်ကို အောင်မြင်စွာ သုတ်သင်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြရပါတယ်။
● ထိုခံတွင်းသန့်ဆေး (၃) မျိုးအနက် (၂) မျိုးမှာ CPC အနည်းဆုံး 0.07% ပါဝင်တာဖြစ်ပြီး နောက်တစ်မျိုးမှာတော့ အီသနော 23% ပါဝင်ပါတယ်။
● နောက်ထပ်လေ့လာစမ်းသပ်ချက်တွေကို ထပ်မံပြုလုပ်သွားမှာဖြစ်ပြီး နောက်နှစ် နှစ်ဆန်းပိုင်းလောက်မှာတော့ စမ်းသပ်ချက်အဖြေများကို သိရှိရမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုတွေမှာ ကိုဗစ်ဗိုင်းရပ်စ်ဟာ လည်ချောင်းထဲမှာ ဘယ်လောက်ကြာကြာ ရှင်သန်နေနိုင်သလဲ၊ ခံတွင်းသန့်ဆေးရည်တွေကို အသုံးပြုခြင်းဖြင့် သွားနှင့်ခံတွင်းဆိုင်ရာ စမ်းသပ်အဖြေရှာမှုများ ပြုလုပ်တဲ့အခါ ကိုဗစ် မကူးစက်စေဖို့ ကာကွယ်ပေးနိုင်မလား ဆိုတာတွေကိုလည်း ဆက်လက်အဖြေရှာသွားမှာ ဖြစ်ပါတယ်။
● ပြည်သူလူထုအနေနှင့် ခံတွင်းသန့်ဆေးရည်တွေအပေါ် အလုံးစုံ မှီခိုခြင်းထက်စာရင် လက်ကို မကြာခဏဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ mask တပ်ခြင်း စတဲ့ မိမိတို့ပြုလုပ်နေကျ ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လုပ်ဆောင်ကြဖို့လည်း အဆိုပါ ပညာရှင်များက အကြံပြုထားပါသေးတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
