ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ဆီးချိုရောဂါ ခံစားရသူ အရေအတွက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။ ဆီးချိုက ရုတ်တရက် သေဆုံးတာမျိုး မဖြစ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ရောဂါတစ်ရပ်ပါ။
ကူးစက်တာမျိုး မရှိဘူးဆိုပေမယ့် မျိုးရိုးလိုက်တာကြောင့် နောက်မွေးလာမယ့် သားစဉ်မြေးဆက်မှာ ဆီးချို ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် သေချာ သိရှိ ကာကွယ်ဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးလို့ ပြောပါရစေ။
မြန်မာနိုင်ငံရဲ့ ဆီးချို ဖြစ်ပွားမှုနှုန်း ဘယ်လောက်တောင် မြင့်တက်နေသလဲ။
၂၀၁၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်း နှင့် ကူးစက်မဟုတ်သောရောဂါများ ဖြစ်စေနိုင်သော အကြောင်း အချက်များ လေ့လာခြင်း စစ်တမ်းကောက်ယူမှု အရ မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းဟာ အတော်လေး မြင့်တက်နေတာကို တွေ့ရပါတယ်။
ရာခိုင်နှုန်း အတိအကျ ပြောရမယ်ဆိုရင် ဆီးချို ခံစားနေရသူ အမျိုးသား အရေအတွက်က အယောက် ၁၀၀ မှာ ၁၀.၈ ရာခိုင်နှုန်း ကနေ ၁၁.၅ ရာခိုင်နှုန်း အထိရှိပြီး အမျိုးသမီးအရေအတွက်က အယောက် ၁၀၀ မှာ ၉.၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ဆီးချိုရောဂါ အကြို လက္ခဏာ ခံစားနေရသူ အရေအတွက်က အယောက် ၁၀၀ မှာ အမျိုးသား ၁၆.၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီအရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် တော်တော်လေးကို များပြားလှတဲ့ပမာဏပါ။
မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေရတဲ့ အကြောင်းအရင်းများ
မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုကို မြင့်တက်စေတဲ့ အကြောင်းအရင်းက တော်တော်လေး များပါတယ်။ ဒီအကြောင်းအရင်းတွေထဲမှာမှ ဆီးချို နဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို ခံစားရစေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေက
အသက်ရွယ် ကြီးရင့်လာတာ (ယခင်ကထက် သက်ကြီးရွယ်အို အရေအတွက် ပိုများလာတာ)
မြို့ပြနေထိုင်သူ ဦးရေ များလာတာ
ခါးအဆီတက်တာ
သွေးတွင်း ကိုလက်စထရော များလာတာတွေကြောင့်ပါ။ အစားအသောက် နေထိုင်မှုပုံစံတွေက ကျန်းမာရေးနဲ့ ညီညွတ်မှု အားနည်းလာတာတွေကြောင့်လည်း ပါပါတယ်။
နောက်ထပ်တွေ့ရှိရတဲ့ အချက်အလက်တစ်ခုက ဆီးချိုရောဂါ ခံစားနေရသူ အများစုဟာ ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတ မရှိကြတာပါ။ ဆီးချိုရောဂါ လက္ခဏာဆိုတာကို မသိကြသလို ဆီးချိုဆိုတာကို နာမည်ပဲ ကြားဖူးတာမျိုးတွေပါ။
မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်
ဆီးချိုဖြစ်ပွားမှုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေကို ရာခိုင်နှုန်း အတိအကျနဲ့ ပြောပြရမယ်ဆိုရင်
ဆေးလိပ် နဲ့ ဆေးရွက်ကြီးသုံးစွဲသူ အရေအတွက်က ၂၆.၁ ရာခိုင်နှုန်း
ကွမ်းယာ နဲ့ ဆေးရွက်ကြီးသုံးစွဲသူ အရေအတွက်က ၄၃.၂ ရာခိုင်နှုန်း
အရက် အလွန်အကျွံသောက်သုံးသူ အရေအတွက်က ၁၀.၃ ရာခိုင်နှုန်း
ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ စားသုံးမှု နည်းသူ အရေအတွက်က ၈၆.၆ ရာခိုင်နှုန်း
ကိုယ်လက်လှုပ်ရှားမှု နည်းသူ အရေအတွက်က ၁၅.၇ ရာခိုင်နှုန်း
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေသူ အရေအတွက်က ၂၂.၄ ရာခိုင်နှုန်း
အဝလွန်ပြဿနာ ခံစားနေရသူ အရေအတွက်က ၅.၅ ရာခိုင်နှုန်း
သွေးတိုးရောဂါ ခံစားရသူ အရေအတွက်က ၂၆.၄ ရာခိုင်နှုန်း
သွေးတွင်း အဆီများနေသူ အရေအတွက်က ၃၆.၇ ရာခိုင်နှုန်း ဆိုပြီး တွေ့ရှိရပါတယ်။ ဒါတွေက လက်ရှိမှာ မဖြစ်သေးပေမယ့် ဆီးချို ဖြစ်လာဖို့ အလားအလာရှိနေတဲ့သူတွေပါ။
ဒီအချက်တွေအပြင် မြန်မာလူမျိုးအများစုက ထမင်းကို အဓိက အားထားစားတာ၊ အချို၊အငန်ကဲတဲ့ အစားအစားတွေကို နှစ်ခြိုက်တာတွေကလည်း ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်စေနေတာပါ။
ဆီးချိုရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲ။
ဆီးချိုရောဂါ ခံစားရပြီဆိုရင် နောက်ဆက်တွဲ အနေနဲ့
မျက်စိအမြင်အာရုံဆုံးရှုံးတာ
နှလုံးသွေးကြောဆိုင်ရာရောဂါ ခံစားရတာ
လေဖြတ်တာ
နှလုံးသွေးကြောပိတ်တာ
ကျောက်ကပ်ပျက်စီးတာ
ခြေလက်တွေက အာရုံကြောလေးတွေ ပျက်စီးတာ
အနာကျက်နှေးတာ
အနာမကျက်တာ
ခြေလက်တွေ ပုတ်ပြီး ဖြတ်တောက်ပစ်ရတာတွေကို ခံစားရနိုင်ပါတယ်။
အဆိုးရွာဆုံး နောက်ဆက်တွဲအနေနဲ့ကတော့ ဆီးချိုရောဂါက ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတာပါ။
ဆီးချို ဘယ်လို ကာကွယ်မလဲ။
ဆီးချိုက ကုသလို့ မပျောက်ပေမယ့် ကာကွယ်လို့ရသလို သေချာဂရုစိုက်ရင် သက်တမ်းစေ့နေလို့ရပါတယ်။ ဒီတော့ ဆီးချိုကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင်
အာဟာရ သင့်တင့်မျှတအောင် စားသုံးပါ
အသီးအရွက်တွေ စားပါ
ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပါ
ဆေးလိပ်ဖြတ်ပါ
အရက်ဖြတ်ပါ
အဆီအအိမ့် လျှော့စားပါ
အချိုကု၊ အငန်ကဲတာတေါကို လျှော့ပါ
စိတ်ဖိစီးမှုကို ဖြေလျှော့ပါ
ကိုယ်အလေးချိန်ကို ထိန်းပါ
ရေသောက်ပါ
အိပ်ရေးဝဝ အိပ်ပါ။
Credit: hellosayarwon

