ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Aye Thi Mon
ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့ ဒါတွေ စားဖို့ မမေ့နဲ့နော်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် အသားအရေပြောင်းလဲနိုင်ပါတယ်။ အကြောပြတ်ရာတွေ အပါအဝင် အသားခြောက်တာ၊ အသားတွေ ယားယံတာ၊ အဆီပြန်တာဆိုပြီး အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
အသားအရေကို ထိခိုက်မှာ စိုးတဲ့သူတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အသားအရေလေး လှမြဲတိုင်း လှနေစေဖို့ ဘာတွေစားရမလဲ ဆိုတာက ဆောင်းပါးလေးထဲမှာ တူတူကြည့်လိုက်ရအောင်လား………
ကိုယ်ဝန်ဆောင်ချိန် အသားအရေ လှပနေစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ နေ့စဉ် ကျန်းမာအောင် စားသောက်တာက ခန္ဓာကိုယ်ကို အားပြည့်စေသလို ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ မှန်ကန်မျှတတဲ့ စားသုံးမှုက ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ အရေပြား ပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးပါသေးတယ်။
ဗီတာမင် C
ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ ကျန်းမာစေဖို့ဆိုရင် ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို အထိရောက်ဆုံး ပြုပြင်ပေးတဲ့ ဗီတာမင် C ကို ချန်ထားလို့ မဖြစ်ပါဘူး။ ဗီတာမင် C က အသားအရေ ကျန်းမာစေသလို ကိုယ်ခံအား ကောင်းစေဖို့လည်း အားဖြည့်ပေးပါတယ်။ အရွယ်တင် နုပျိုစေသလို အစက်အပြောက်ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။
ဒီတော့ ဗီတာမင် C ကြွယ်ဝတဲ့
လိမ္မော်သီး
သံပုရာသီး
ကညွတ်
ကိုက်လန်
ဂရိတ်ဖရုစ်
စတော်ဘယ်ရီ စတာတွေကို ပုံမှန် စားသုံပေးပါ။
ဗီတာမင် A
နောက်ထပ် အာဟာရတစ်မျိုးကတော့ အရေပြားကို အားဖြည့်ပေးပြီး အရေပြား ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို ဘေဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ ဗီတာမင် A ပါ။ ဗီတာမင် A က ကိုယ်ဝန်ဆောင်ချိန်မှာ ပေါက်တဲ့ ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။
ဒီတော့ ဗီတာမင် A ကြွယ်ဝတဲ့
မုန်လာဥနီ
ဟင်းနုနွယ်
ဥအမျိုးမျိုး
ပန်းဂေါ်ဖီစိမ်း
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။
ဗီတာမင် E
ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ လှပကျန်းမာနေစေဖို့ စားပေးသင့်တဲ့ နောက်ထပ် အာဟာရတစ်မျိုးကတော့ အရေပြားရဲ့ ဗီတာမင်လို့ ဆိုရမယ့် ဗီတာမင် E ပါ။ ဗီတာမင် E က နေရောင်ကြောင့် အသားအရေ ပျက်စီးတာ။ အရေပြားမှာ ဖြစ်တဲ့ နေလောင်ကွက်၊ အမဲစက်၊ ဝက်ခြံ စတာတွေကို သက်သာစေပါတယ်။
ဒီတေ့ ဗီတာမင် E ကြွယ်ဝတဲ့
ထောပတ်သီး
ဟင်းနုနွယ်
ပန်းဂေါ်ဖီစိမ်း
အစေ့အဆန်
အခွံမာသီး
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် စတာတွေကို စားသုံးပေးပါ။
ဒီလို အာဟာရ ပြည့်ဝမျှတစွာ စားသုံးမှုက ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေလှပစေမှာ ဖြစ်သလို ကျန်းမာတဲ့ အသားအရေကိုလည်း ပိုင်ဆိုင်နိုင်စေမှာပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Read also:
ကိုးကားချက် - https://hellosayarwon.com/
