ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Dr. Htet Htet Zaw Win
အိမ်ထဲမှာနေတာ ကြာလာတဲ့အခါ
Stay homeကာလဆိုတော့ အားလုံးက မဖြစ်မနေကိစ္စကလွဲရင် အပြင်မထွက်ကြတော့ပါဘူး။ အဓိကက ကိုယ့်ကို ရောဂါကူးမှာကြောင့်ရယ် ကိုယ့်မှာ ရှိနေခဲ့ရင် မသိလိုက်ဘဲ သူများကို ရောဂါဖြန့်ဝေမိမှာ စိုးလို့ရယ်ပါ။ တချို့ဆို stay home မစခင် ဒုတိယလှိုင်း အစတည်းက အိမ်မှာ နေနေကြတာဆိုတော့ တော်တော်ကြာနေပါပြီ။ နယ်တွေမှာဆို မသိသာပေမယ့် မြို့ကြီးတွေမှာကျ နေအိမ်လေးတွေက ကျဉ်းကျဉ်းလေးတွေ၊ အရင်ကတော့ စိတ်ထဲမွန်းကြပ်လာရင် အပြင်ထွက် လမ်းထွက်လျှောက်ကြပေမယ့် ခုတော့ ဒီလို လုပ်ဖို့ မလွယ်ပါဘူး။
လူအများရဲ့ ကျန်းမာရေးပြဿနာာ ဖြစ်တာကြောင့် အားလုံးပါဝင်ပြီး အိမ်မှာ နေကြတယ်ဆိုပေမယ့် ဒါရဲ့ နောက်ကွယ်မှာ ကျန်းမာရေး ထိခိုက်တာလေးတွေ ရှိလာပါတယ်။ အထူးသဖြင့် စိတ်ကျန်းမာရေးပေါ့။ ဒါတွေကို တူတူကျော်လွှားကြဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။
ဘာတွေ ထိခိုက်ခံစားလာရပြီလဲ။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ
မျှော်လင့်ချက် မရှိတာ – Stay home က လောလောဆယ် ၂ပတ်ဆိုပေမယ့် အခြေအနေအရ ထပ်တိုးနိုင်တယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒီလို ဘယ်လောက်ကြာကြာ နေရမှာလဲ။ ဘယ်တော့မှ ဒီကပ်ဆိုးကြီး ပြီးမှာလဲ။ ဘယ်သူမှ မပြောနိုင်ပါဘူး။
အခြေအနေမှန်ကို နားလည်လာတာ – စစချင်းကတော့ အလုပ်တွေ မသွားရတော့ဘူး။ ကျောင်းတွေ ပိတ်သွားပြီဆိုပြီး ပျော်ပေမယ့် ခုတော့ အမှန်ကို မြင်တတ်လာပါပြီ။ ဒီလိုသာ ကြာနေမယ်ဆို ငါဘယ်တော့မှ ဘွဲ့ရမှာလဲ။ အလုပ်ကအရင်လို ပြန်ဖြစ်ပါ့မလား။ မတော် အလုပ်သမားလျှော့တဲ့ထဲမှာ ပါသွားခဲ့ရင်ရော။ အနာဂတ်အတွက် စိုးရိမ်တတ်လာပါပြီ။
စိတ်ဖိစီးလာတာ – တစ်နေကုန် အိမ်မှာပဲ နေရတယ်။ စကားပြောမယ့်သူလည်း သိပ်မရှိဘူး။ ဖေ့ဘွတ်မှာလည်း တွေ့ရတဲ့ သတင်းတွေက စိတ်ချမ်းသာစရာ မကောင်းဘူး။ ငြင်းခုန်ကြတာတွေ၊ လူနာများလာတာတွေ၊ အပြစ်တင်တာတွေပဲ တွေ့ရတဲ့အခါ တစ်နည်းအားဖြင့် စိတ်ကို toxicဖြစ်စေတာတွေပဲ ဆိုတော့ နည်းနည်း၊ နည်းနည်း ဖတ်မိရုံနဲ့တင်ကို စိတ်တွေ ဖိစီးလာပါတယ်။
စိတ်မရှည်တော့ဘူး – သတိထားမိမလားတော့ မသိဘူး။ အိမ်မှာနေပြီး တစ်ယောက်တည်း အလုပ်လုပ်နေရပေမယ့်လည်း စိတ်ဖိစီးနေတုန်းပါပဲ။ ဘာကို စိတ်မရှည်တာလဲ။ ဘာကို အလိုမကျတာလဲ တိတိပပ မပြောနိုင်ပေမယ့် ဒီလိုပဲ စိတ်က mood မကောင်းပါဘူး။ စကားကို တစ်ခါကနေ နှစ်ခါ ပြောရရင် လေသံမာလာပါပြီ။
စိတ်အတက်အကျတွေ မြန်လာတာ – ဒီနေ့ ပျော်နေပေမယ့် နောက်နေ့ ဆူပုပ်ချင် ဆူပုပ်လာပါပြီ။ သူငယ်ချင်းတွေ၊ ချစ်သူတွေကိုလည်း မတွေ့ရပေမယ့် အကြောင်းမရှိ အကြောင်းရှာ ရစ်တတ်လာပါပြီ။ ဂရုစိုက်ခံချင်တဲ့ ခံစားချက်မျိုးပါပဲ။ တစ်ယောက်တည်း အထီးကျန်နေလို့ ကျန်တဲ့သူတွေ ကိုယ့်ကို မေ့သွားမှာ ကြောက်တာမျိုးပေါ့။
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ
အိပ်ချိန်တွေ ပြောင်းလာတာ – မနက်စောစော ထစရာ မလိုတော့ ညလည်း စောစော မအိပ်တော့ပါဘူး။ ဒီလိုဆို ကြာရင် ကျန်းမာရေး ထိခိုက်လာမှာပါ။
စားချိန်မမှန်တာ – အရင်ရုံးတက်တုန်းကမှ ထမင်းစားချိန်ရောက်ရင် ဆာဆာ မဆာဆာ ဝင်စားလိုက်တာပါပဲ။ ခုအိမ်မှာ ကြိုက်တဲ့ အချိန် စားလို့ရတယ်ဆိုတော့မှ အနပ်တွေ ပေါင်းစားတာ၊ မစားဖြစ်တာ၊ သရေစာတွေပဲ စားတာတွေ ဖြစ်လာပါတယ်။
ကိုယ်လက်လှုပ်ရှားမှု မရှိတာ – အိမ်မှာဆိုတော့ ထိုင်နေဖြစ်တာပဲ များပါတယ်။ တကူးတကလုပ်မှပဲ လေ့ကျင့်ခန်းဆိုတာ လုပ်ဖြစ်တာပါ။ Gymတွေလည်း ပိတ်ထားတော့ ပိုဆိုးတာပေါ့။
နေရောင်မခံရတာ – လူဆိုတာ သဘာဝသတ္တဝါပါ။ နေရောင်ခံရရင်၊ စိမ်းစိမ်းစိုစိုလေးတွေ မြင်ရရင်၊ လူသံသူသံကြားရမှ စိတ်ထဲမှာ နေလို့ကောင်းတာပါ။ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှု မရှိရင် ခုခံအားကျတယ်လို့တောင် ပြောကြပါတယ်။
ဒါတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။
အရှိကို အရှိအတိုင်း လက်ခံပြီး အကောင်းမြင်ပါ။
သင်တစ်ယောက်တည်း ဒီလိုဖြစ်တာ မဟုတ်ပါဘူး။ သင်တစ်ယောက်တည်း ဒီလို ထူးထူးဆန်းဆန်း ခံစားချက်တွေ ဖြစ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး ဒီအတိုင်းပါပဲ။ အိမ်ထဲမှာ အနေကြာလာတဲ့ လူတွေက ဒီလိုပဲ ခံစားရပါတယ်။ ထုတ်သာ မပြောတာပါ။ ဒီလိုအရင်လက်ခံလိုက်ပါ။
အားလုံးကောင်းဖို့အတွက် လုပ်ပေးနေတာ၊ ကူညီပေးနေတာလို့ အကောင်းမြင်လိုက်ပါ။ စိတ်ညစ်တဲ့ စိတ်လေးကို စိတ်ညစ်တယ်လို့ အသိအမှတ်ပြုလိုက်ပါ။ တဖြည်းဖြည်း သက်သာသွားပါလိမ့်မယ်။
အအားမနေပါနဲ့။
အားနေရင် လူက အတွေးများပါတယ်။ ဒီနေ့ညတည်းက နောက်နေ့ ဘာလုပ်မယ်ဆိုတာကို တစ်နေ့တာ ဇယားအပြည့်ဆွဲထားပါ။ ဘယ်အချိန်ထမယ်။ ဘယ်အချိန်မှာ ဘာလုပ်မယ်။ ရုံးအလုပ်တွေရော၊ အိမ်အလုပ်တွေရော၊ လေ့ကျင့်ခန်း လုပ်မယ့် အချိန်တွေရော၊ ထမင်းစားချိန်တွေရော တစ်ခါတည်း ထည့်ဆွဲထားပါ။ ဒါမှ အချိန်အားတာ မရှိသလို လုပ်သင့်လုပ်ထိုက်တာတွေပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်သွားမှာပါ။
တစ်နေ့နဲ့ တစ်နေ့ မတူပါစေနဲ့။
ဘယ်မှ မသွားရတဲ့အပြင် နေ့တိုင်း ဒီအလုပ်တွေပဲ ခေါက်ရိုးကျိုး လုပ်နေရတယ်ဆိုရင် တော်တော်ပျင်းစရာကောင်းပါတယ်။ ဒါကြောင့် စိန်ခေါ်မှု အသစ်လေးတွေ လုပ်ကြည့်ပါ။ ဒီနေ့တော့ ဟင်းအသစ် ချက်စားမယ်။ ပန်းချီဆွဲမယ် စသဖြင့်ပေါ့။
ဆိုရှယ်မီဒီယာတွေ လျှော့သုံးပါ။
တစ်နေ့ တစ်နေ့ များလာတဲ့ လူနာတွေ၊ သေဆုံးတာတွေအတွက် သင်လုပ်ပေးနိုင်တာ အိမ်မှာနေတာပါ။ ခုလည်း နေနေတာပါပဲ။ ဒါကြောင့် သင်မတတ်နိုင်တဲ့ ကိစ္စတွေအတွက် စိတ်ညစ်မခံပါနဲ့တော့။ တစ်ရက်တလေလောက် ဆိုရှယ်မီဒီယာတွေနဲ့ ဝေးဝေးနေလိုက်ပါ။ အဲ့ဒီအစား ရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ်တာ လုပ်ပါ။
သဘာဝနဲ့ အနီးဆုံးနေပါ။
အိမ်ပြင်မထွက်ရဘူးဆိုပေမယ့် ဝရန်တာထွက်တာ၊ ခြံထဲဆင်းတာ လုပ်လို့ရပါတယ်။ မနက်စောစော ငှက်ကလေးတွေ အသံနားထောင်တာ၊ နေရောင်ခံတာ၊ ခြံရှိတဲ့သူဆို ခြံထဲဆင်းတာ၊ အပင်လေးတွေ ပြုစုတာ လုပ်ပေးပါ။
တစ်ယောက်တည်းနေရတယ်၊ အိမ်ထဲမှာ အကြာကြီးနေရတယ်ဆိုရင် စိတ်ထဲမှာ အတွေးတွေ များတတ်တာ သဘာဝပါ။ လူတိုင်းဒီလိုပဲဆိုတာ လက်ခံလိုက်ပါ။ အတွေးတွေကြောင့် စိတ်ညစ်မခံပါနဲ့။ ဘယ်အရာမှ ထာဝရ မတည်မြဲပါဘူး။ ကိုဗစ်ကြီးလည်း ပြီးသွားမှာပါပဲ။ မပြီးခင်လေးကိုသာ သည်းခံပြီး ကိုယ်ရော စိတ်ပါ ကျန်းမာအောင် နေပါ။ တစ်ချိန်မှာ ဒါက အမှတ်တရလေး တစ်ခု ဖြစ်သွားမှာပါပဲ။
Credit : https://hellosayarwon.com/
